မကြီး-မလတ်-မထွေး

ရှေးရှေးတုန်းက..ရွာတရွာ မှာ..ညီအမ သုံးယောက် ရှိ တယ်တဲ့။ သူတို့ နံမည် တွေက..မကြီး မလတ် နဲ့ မထွေး တဲ့။



ငယ်ငယ်တုန်းက..ပုံပြင်တွေ ဖတ်ရင်.. နိဒါန်းက..အမြဲ အဲလိုချည်းပဲ ။ တခါတလေ လည်း- ကိုကြီး- ကိုလတ်- ကိုထွေး ဆိုတဲ့ ညီအကို သုံးယောက် နဲ့ အစားထိုး တဲ့အခါ ထိုး ။ ပြီးရင်..ဇတ်လမ်းက..ဆက်လာမယ်။ မကြီးက..စိတ်ပုပ် တယ်။ လောဘ ကြီးတယ်။ နောက်ဆုံး မယ်ထွေးလေး လေး ကပဲ၊ ဇတ်ရိုင်းနာ ပြီး၊ တဇတ်လုံး ကို ကယ်သွား ရတတ် တယ်။



ဘယ်ရှေးသုတ္တံဆရာ ကများ- ဘာ ကို ကြည့်ပြီး..ဆောင်ပုံ ကိုင် ခဲ့ သလည်း တော့မသိဘူးနော်။ ပုံပြင် တိုင်းလို..ဒီအတိုင်း ချည်းပဲ။ တကယ့်တကယ်က..အလယ်လတ် နေတဲ့..မလတ် အကြောင်းကို ဘယ်သူ မှ သိပ် စိတ်မဝင်စား ကြဘူး။ မလတ်ကို ထဲ့ထားတာတောင်..မကြီး နဲ့ မထွေး ကြား ..ကွာအောင် ထဲ့ပေး ထားတဲ့ ဇတ်ပို့လိုလို.. အဖြည့်ခံ လိုလို။



၇ တန်းလောက်က..ကြည့်ခဲ့ ဖူးတဲ့.. ဒွေးတို့မောင်နှမ သရုပ် ဆောင် တဲ့..ကွက်လပ်ကလေး ဖြည့်ပေးပါ- ဆို တဲ့ ရုပ်ရှင်လေး ကို တောင်သွားသတိရတယ်။ ဝတ္တုကလည်း..စာရေးဆရာမ မစန္ဒာ ရဲ့ ..နံမယ်ကြီး ဝတ္တု။ အဲဒီ မှာ..မင်းသားဒွေး က- ကလေးသရုပ်ဆောင်။



နောက်ပြီး အပြင်မှာ..တကယ့် ဒွေးတို့ မောင်နှမ အရင်း သုံးယောက် ဖြစ်တဲ့ သူ့ညီမ ခင်ခင်သိုက် ရယ်။ ညီလေး တာတီးလေး ရယ် သရုပ်ဆောင်ကြတာ။ မောင် နှမ လေးယောက် ရှိတဲ့ မိသားစု လေး မှာ၊ အကြီးဆုံးမမကြီး ကို (သရုပ်ဆောင် တင်နီလာဝင်း ထင်တယ်) ..အိမ်က..ဦးစားပေး။



အငယ်ဆုံး တာတီးလေး ကို ဖူးဖူးမှုတ် ထား တော့၊ အလတ်ကလေး တွေဖြစ်တဲ့ ဒွေး နဲ့ခင်ခင်သိုက် တို့ရဲ့ကလေးဘာဝ ခံစားချက် ကလေး တွေ ကို၊ ထိထိမိမိ နဲ့ သရုပ်ဖော်ပြီး- ချစ်စရာလည်း ကောင်း၊ ပျော်စရာ လည်း- ကောင်း၊ နောက်ဆုံးမှာ- လွမ်းစရာ လည်း- ကောင်းအောင် ကြည့်ခဲ့ ရတာ၊ တသသပါ။



တကယ်က၊ တွေ့မိသလောက်..သိမိ သလောက် .. မိသားစုတိုင်း မှာ..အလတ်တွေက..အနစ်နာခံ ရဆုံး၊ အိမ်ကို အသိတတ်ဆုံး၊ ပြီးတော့..အသိအမှတ် လည်း မပြု ခံရဆုံး ဖြစ်နေတာ..တိုက်ဆိုင်မူ လား တော့ မသိ။



တလောက..မြို့တက် ခရီးထွက် ဖြစ်တော့၊ သူငယ်ချင်း မိသားစု ဆီမှာ တည်းဖြစ်တယ်။ သူတို့မောင်နှံ ၂ယောက်လုံးက..သူငယ်ချင်းတွေပါပဲ။ ဒါပေမဲ့..မိန်းကလေးချင်း ဆိုတော့၊ ရောက်တုန်း ရောက်ခိုက်.. မလေး နဲ့ပဲ၊ စကားပြောဖြစ်၊ အတွေ့အကြုံ တွေ ဖလှယ်ဖြစ်၊ တာပေါ့။



မလေး က၊ ငယ်ငယ်ရွယ် ရွယ် ထက်ထက်မြတ်မြတ်။ အလုပ် အကိုင် ကောင်း အတွေ့အကြုံ တွေ လည်း တော်တော်ရှိ ထားခဲ့တာပဲ။ ဒါပေမဲ့၊ အချိန် တန် တော့..သားလေး ၂ ယောက် ရှေ့ဆင့် နောက်ဆင့် မွေး ပေး။



အမျိုးသားနောက် လိုက်လာ ပြီး၊ မိသားစု ကို စောင့်ရှောက် နေတာများ၊ ကိုယ့် မှာ ဘေးက..နေ ကြည့်ရင်း၊ အားကျ တာလား၊ အားငယ် တာလား တောင် မသိ တော့ဘူး။



ဟော- မနက်ခင်း ဆို..အစောကြီး..တရားခွေ ဖွင့်လို့၊ မနက်စာ၊ ကလေး ထမင်းဗူး၊ ယောက်ကျားထမင်းဗူး ချက်ပြုတ် လုပ်ကိုင်၊ ကလေးတွေ နိုးလာတာနဲ့..ကျွေးမွေးသုတ်သင်ပြီး၊ ၈ နာရီ လောက်ဆို..ကလေး ၂ ယောက်ပါ ကားပေါ်တင်၊ သူ့အမျိုးသား ကို၊ အနီးဆုံးဘူတာ ထိ လိုက်ပို့။



ခဏနေ..သားအကြီးလေးကို..နေ့ကလေးထိန်းကျောင်းသွားပို့။ ပြန်ရောက်တာနဲ့..အိမ်အလုပ်တွေ လုပ်။ အငယ်လေး ကို သိပ်။ ဇယ်ဆက် နေတာပဲ။ ကိုယ့်မှာသာ ဘေးကနေ ကြည့် ပြီး မောလို့။ ပြီး ၁၀ နာရီ လောက် ဆို၊ စင်ကာပူ မှာ ညီမ နဲ့အတူ နေတဲ့..အဖေ နဲ့အမေ ကို လှမ်း..မက်ဆော့ချ်ပို့။ ဟိုဟာ ဒီဟာ တွေ ညွှန်ကြား။



` မ- ရယ်- လူက..လိုက်နိုင် လို့သာပဲ။ ဟိုးမှာ တယောက်တည်း နေတဲ့..မကြီး ကိုလည်း ပူရသေးတယ်။ မောင်လေး တို့ကိုလည်း..အလုပ်အဆင်မပြေ မှာစိုးရ။ အထွေးက..ခု အဖေနဲ့အမေ ကို ကောင်းကောင်း ကြည့် ထား နိုင် လို့ပေါ့´



ပါးစပ်က ပြောလည်းပြော..လက်ကလည်း..အဝတ်လျှော်စက် ထဲ..အဝတ်တွေ ထဲ့ နေတဲ့..မလေး ကို ကြည့်ရင်း- ` အင်း- ကိုယ့်လူတော့..မလေးလို..သမီးအလတ် ချောချော..တာဝန်ကျေကျေ လေး ရထားတာ..အတော် ကံကောင်း တာပဲ ဟေ့´ ဆိုတော့- သဘော တွေ ကျ လို့။



မလေး ကို ကြည့်နေရင်း..ကိုယ်တို့မိသားစုမှာ.. အလုပ် လုပ်နိုင် ဆုံး၊ အပူပင် တတ်ဆုံး၊ စီစဉ်ညွှန်ကြားနိုင် ဆုံး ဖြစ် တဲ့..အမလတ် ကို သွားသတိရ နေမိတယ်။ အကြီး ၂ ယောက် အငယ် ၂ ယောက် ကြားထဲက..အမလတ်က..လူကလည်း..ထက်၊ စိတ်ကလည်း..မြန်၊။



ခုထက်ထိ၊ သူ့အိမ်ထောင်နဲ့သူ ဖြစ်နေ တဲ့ အထိ၊ မောင်နှမ မိဘ တွေ အပေါ် တာဝန်ကျေတုန်း၊ ပူတုနး် ပန်တုန်း။ ငယ်ငယ် လေး ထဲက၊ အရွယ်သိပ် လည်း မကွာ လှတဲ့..ကိုယ်တို့ အငယ် ၂ ယောက်ကို..ဟိုး အကြီး တွေ ကျော်ပြီး၊သူက..မူလတန်းကျောင်းက..အတန်းထဲ ထိ လိုက်လာပြီး၊ မုန့်ဝယ်ကျွေးတာမျိုး၊ ကာကွယ်စောင့်ရှောက်တာမျိုး လုပ်တတ်တယ်။



ခု- တူမလေး ၃ ယောက် ရ လာတော့လည်း၊ ဒီပုံစံပဲ။ အကြီးမ ကြီးက..သူလုပ်ချင်တာလုပ်တာပဲ။ အငယ်တွေ ညှာရ ကောင်းမှန်း လည်းသိပ် သိ တာမဟုတ် ဘူး။ တအိမ်လုံးကလည်း၊ အကြီးဆုံးကြီး ဆိုတော့..အရေးလည်းကြီးတယ်ဆိုပြီး၊ အလိုလိုက်၊ သူဖြစ်ချင်တာ မှန်သမျှ အကုန် လိုက် လုပ်ပေးနေတော့၊ ပြောမနေနဲ့။



အငယ်ဆုံး မလေး ကလည်း၊ သူဂျီပလား ဆိုးပလား ဆို၊ အကုန်လုံး နေမထိ ထိုင်မသာ ဖြစ် ရတာ။ အဲဒီ အချိန် အလတ်မ ဘာလုပ် နေလည်း သွားကြည့်။ သူက..မီးဖိုချောင်မှာ.. အကူမိန်းကလေး ချက်တဲ့ဟင်းတွေကို ၊ သွားကြည့်၊ ပုဂံတွေ သေချာ ကြီးကြပ် ထဲ့သို လုပ်နေ တတ် တာ မျိုးလေး။ အသက်ကလေး ကဖြင့် ခုမှ ၁၀ နှစ် ကျော် လေး။



အဲဒါကြောင့် ပြောပါတယ်။ ရှေး ပုံပြင် တွေ ထဲက..မကြီးနဲ့ မထွေး ရဲ့ stereotype ကဖြင့်..တခုခု တော့ မှားနေ ပြီ လို့။ တကယ်က..မလတ်က..မှ..ပွဲထိမ်းသူ ဖြစ်ရမှာ။



အကြီး တွေ ဆိုတာ များသော အားဖြင့်၊ `သားဦး အရူး´ ဆိုလား။ မိဘ က ရူးတာလား။ အကြီး အဦးသား တွေက..ရူးတာလား တော့ မသိဘူး။ အိမ်မှာဖြင့်၊ မမကြီး ကို တခုခု များ ပြောရင်၊ ဖေဖေ က..ဘယ်တော့မှ အပြောမခံဘူး။ ဟေ့..အကြီးဆုံးမှာ- အကြီးဆိုတဲ့..သိက္ခာ ရှိပြီးသားတဲ့။



အငယ် ဆုံး တွေ ကျ တော့လည်း၊ အီလည်လည် ..ပျင်းတွဲတွဲ နဲ့ ဟိုဟာ ဆိုလည်း မလုပ်ချင် သေး..ဒီဟာ ဆို လည်း ထားလိုက်ပါ ဦးလား ။ ဒါပေမဲ့..တအိမ်လုံး ကို ကျ- ဆရာ လုပ် ချင် သေး တယ်။ ချစ်လို့ အလို လိုက် ထား တာကို အဟုတ်မှတ် ပြီး၊ ဆိုးချင် သလိုလို..ဗိုလ်ကျ ချင်သလိုလို။မယုံမရှိနဲ့..တကယ် ပြောတာ- အိမ်မှာ..ကိုယ် က..အငယ်ဆုံး မထွေး။